Tuesday, 11 May 2010

အသက်သည်အိမ်မက်

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

သျှပ်မှူးကျော်
(ထူးအိမ်သင်ရေးထားတဲ့ ကဗျာ ပါ)
သျှပ်မှူးကျော်ဆိုတာလဲ သူ့ကလောင်နာမည်ပါပဲ

Sunday, 9 May 2010

သင်ရိုးညွန်းတမ်းပုံပြင်

ကလေးတို့ရေ........

မင်္ဂလာပါ။ ဒီနေ့တော့ ဆရာ စာမသင်တော့ဘဲ ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့

စိတ်ကူးထားပါတယ်။

ဟိုရှေးရှေးတုန်းကပေါ့ကွယ် ……..

တောအုပ်ကြီးတစ်ခုမှာ မှီတင်း နေထိုင်လာခဲ့ကြတဲ့ တိရစ္ဆာန် မျိုးနွယ်စုတွေဟာ

ပိုမို ရှုပ်ထွေး လို့လာနေတဲ့ သူတို့ရဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်း ရှင်သန်မှုအတွက်

တစ်ခုခုကို လုပ်မှ ဖြစ်တော့ မယ်လို့ စဉ်းစား တွေးတောမိကြပါသတဲ့။

တောအုပ်အစပ် မြေလွတ်တစ်နေရာမှာ တိရစ္ဆာန် မျိုးနွယ်စု ကိုယ်စားလှယ်တွေ

အသီးသီး အကြိတ်အနယ် ဆွေးနွေးပွဲတွေကို နေ့ရောညပါ ကျင်းပ ကြရ

တော့တာပေါ့။ တိရစ္ဆာန်မျိုးနွယ်စု အသီးသီးရဲ့ ရှင်သန်မှုနဲ့ အခွင့်အရေး

အတွက်ဆိုတော့ မျိုးနွယ်စု ကိုယ်စားလှယ်တွေ စုံစုံညီညီ

တက်ရောက်လာကြတယ်။ သိပ်ကို အရေးကြီးနေပြီဖြစ်တဲ့ တိရစ္ဆာန်

အသိုင်းအ၀ိုင်းအတွက် ဆွေးနွေးလိုက်ကြတာ နောက်ဆုံးမှာတော့ အနာဂတ်

ရှင်သန်မှုအတွက် အင်မတန်မှ ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်

လိုက်ကြရပါတယ်။

တိရစ္ဆာန်ထု အစည်းအဝေးကြီးရဲ့ တစ်ခုတည်းသော
အဲဒီ ဆုံးဖြတ်ချက်ကတော့ ......

စာသင်ကျောင်း တစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါသတဲ့။
သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုရင်

ကလေးတို့ သဘောတူမယ် ထင်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အနေနဲ့ လုပ်စရာတွေ အများကြီး

ပေါ်လာတော့တာပေါ့။

ကလေးတို့ရေ …..

ကျောင်းတစ်ကျောင်းအတွက် အဓိကအားဖြင့်
ဘာတွေ လိုအပ်တယ်လို့ ကလေးတို့

ထင်သလဲဟင်။ လိုအပ်ချက်တွေ အများကြီး ရှိနိုင်တာပေါ့နော်။

အစည်းအဝေးကြီးရဲ့ ပထမဆုံး အာဂျင်ဒါကို ပြောပြပါရစေနော်။

ပထမဆုံး လုပ်ရမဲ့ အချက်ကတော့ အဲဒီကျောင်းမှာ ဘယ်ဘာသာရပ်တွေ

ဘယ်ပညာတွေကို ဘယ်လို သင်ကြား ကြမှာလဲ ဆိုတာပါပဲတဲ့။

တိရစ္ဆာန်လေးတွေရဲ့ စာသင်ကျောင်းအတွက် သင်ရိုးညွန်းတမ်း ပြဿနာ

ပေါ်လာတယ်လေ။ စိုးရိမ်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ နစ်နာချက်တွေ

အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခံစားချက်တွေကို

ဖွင့်ချကြရင်း ဆွေးနွေးကြရ တော့တာပေါ့။ နောက်ဆုံးမှာတော့ (၁)

အပြေးဘာသာရပ် (၂) သစ်ပင်တက်ဘာသာရပ် (၃) ရေကူးဘာသာရပ်နဲ့

(၄) ပျံသန်းခြင်း ဘာသာရပ်တွေကို
သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တွေ အနေနဲ့

ထည့်သွင်း သင်ကြားဖို့ သဘောတူညီမှု ရရှိခဲ့ကြတယ်။
သူတို့ဖာသာ သူတို့

လုပ်ကိုင် တတ်စေဖို့ရယ်၊ ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော တတ်စေဖို့ရယ်

အတွက် တိရစ္ဆာန်ငယ်ဗဟိုပြု ချဉ်းကပ် သင်နည်းကို အသုံးပြု သင့်တယ်လို့လည်း

အစည်းအဝေး သဘာပတိ ပညာရှိ ဇီးကွက်ကြီးက လမ်းညွှန် ဆုံးမခဲ့သတဲ့။

ဘာကြောင့် ဒီပညာရပ်တွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းရတယ်လို့

ကလေးတို့ ထင်သလဲဟင်၊ သဘောတူရဲ့လား။ ကလေးတို့ အမြင်ကို

ပြောပြစမ်းပါအုံး။

ဒီပညာရပ်တွေကတော့ တိရစ္ဆာန် အသိုင်းအ၀ိုင်းရဲ့ ပစ္စုပ္ပုန်နဲ့
အနာဂတ် ဘ၀တွေ

ရှင်သန်မှု အတွက် အရေးကြီးတာကို အထင်အရှား မြင်တွေ့ နိုင်တာရယ်၊


ရိုးရာယဉ်ကျေးမှုတွေလည်း ထိန်းသိမ်းဖို့ လိုအပ်တာတွေရယ်၊


အပြုအမူပိုင်းဆိုင်ရာအခြေခံအချက် စံနှုန်းတွေ ဖြစ်တာရယ်၊


ခေတ်နှင့်အညီလည်း ဖြစ်တာတွေကြောင့်လို့ ဆုံးဖြတ်ကြပါသတဲ့။
ကျောင်းသူ၊ ကျောင်းသား တိရစ္ဆာန်

ငယ်လေးတွေအားလုံး မသင်မနေရ တပြေးညီ သင်ကြား ကြရမယ်လို့လည်း

သက်ဆိုင်ရာက ညွန်ကြားချက်တွေ ထုတ်ပြန်တော့တာပေါ့။

တိရစ္ဆာန်ငယ်လေးတွေအားလုံး တက်တက်ကြွကြွ။
မိဘတွေလည်း တစ်ပြုံးပြုံးနဲ့ ကျောင်းကို လာအပ်ကြပါသတဲ့။

ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်း

စတိုင်အပြည့်နဲ့ပေါ့။

အဲ---- အားလုံး အဆင်ပြေသွားပြီ။ တိရစ္ဆာန်အသိုင်းအ၀ိုင်းရဲ့ အနာဂတ်

ရှင်သန်ရေး အတွက်လည်း မစိုးရိမ် ရတော့ဘူးရယ်လို့ ပီတိတွေ

ဖြစ်နေကြတုန်းမှာပဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို

ပေါ်လာတော့တယ်။ ဘာပြဿနာတွေလို့ ကလေးတို့ ထင်သလဲဟင်၊


ကလေးတို့ရဲ့ကျောင်းတွေမှာ ဘာပြဿနာတွေ တက်လေ့ရှိပါသလဲ။

ကလေးတို့ရေ …..

ပထမဆုံး ပြဿနာကတော့ မြေပြန့်ရေအစပ်မှာ နေထိုင်ကြတဲ့

ဘဲကလေးတွေဟာ အင်မတန်မှ ရေကူး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ဆရာထက်တောင်မှ ပိုပြီး ရေကူး အရာမှာ တော်ကြတယ်ဆိုပဲ။

ပျံသန်းခြင်း ဘာသာရပ်မှာလည်း တော်ကြပါတယ်။

ဒါပေမဲ့ သင်ရိုးဝင် အပြေးဘာသာရပ်မှာတော့ အင်မတန်မှ အခက်အခဲ တွေ့နေကြရတယ်။ သင်ရိုးအတိုင်း

လုံးဝ မလိုက်နိုင် ကြဘူးတဲ့။ အဲဒါကြောင့် ကျောင်းဆင်းပေမဲ့ သူတို့ကို

အချိန်ပိုတွေ ခေါ်သင်ရတယ်။ ဘဲကလေးတွေ အင်မတန်မှ ကျွမ်းကျင်တဲ့

ရေကူးဘာသာရပ်မှာ သင်ကြားချိန် လျော့ချပြီး အပြေး ဘာသာရပ်အတွက်ကို

အချိန်ပိုပေးကြရတယ်။ လူကြီးတွေ၊ ဆရာဆရာမတွေက အပြေးသင်

ဘာသာရပ်အတွက် လေ့ကျင့်ချိန် များများရအောင်လည်း ဖန်တီးကြသတဲ့။

အိမ်မှာ မိဘ၊ ညီအကို၊ မောင်နှမတွေနဲ့နေဖို့ အချိန်တွေ မရှိတော့လောက်အောင်ကို၊

ကစားချိန်တွေ မရှိတော့လောက်အောင်ကို အချိန်ပိုတွေ တက်ကြရ၊

ကျူရှင်ယူကြရနဲ့။ ကလေးဘ၀ ပျောက်ဆုံးကြရတော့တာ၊ သိပ်သနားစရာနော်။

ဒီလိုနဲ့ ဘဲကလေးတွေဟာ အပြေး လေ့ကျင့်တဲ့အချိန် များလာတဲ့အခါမှာတော့

ရေကူးတဲ့အခါ ယက်ဖို့ ခြေထောက်က ပင့်ကူအိမ် ပုံစံ ခြေဖ၀ါးပြင်တွေဟာ ပျက်စီး

လာတော့တာပဲ။ အပြေး ဘာသာရပ်မှာလည်း ပိုပြီးထူးချွန် မလာတဲ့အပြင်

အရင်တုန်းက ချန်ပီယံအဆင့် ရထားတဲ့ ရေကူး ဘာသာရပ်မှာလည်း သာမန်

အဆင့်ပဲ ရှိတော့တယ်တဲ့။ ဒါပေမဲ့ တိရစ္ဆာန်တို့ရဲ့ ကျောင်း ပညာရေး စနစ်သစ်မှာ

သာမန်အောင်တာဟာလည်း စာမေးပွဲတော့ အောင်တာပါပဲဆိုပြီး လူကြီးတွေက

ဆရာဆရာမတွေကတော့ မစိုးရိမ်ကြဘူးလေ။ လူကြီးတွေက သာမန်အဆင့်ကို

ပုံမှန်လို့ သဘောထား ကြပေမဲ့ ရေကူးပညာမှာ အရင်ကလောက် အဆင်မပြေ

တော့တာ ကိုယ်တိုင် ခံစားနေကြရတဲ့ ဘဲကလေးတွေက ကြိတ်ပြီး ပူဆွေးသောက

ရောက်နေကြတာပေါ့။ ဘဲကလေးတွေရဲ့ မွေးရာပါ ရေကူးကျွမ်းကျင်တာ

ပျက်စီးရတာနော်။ သူတို့ခမျာ ဘယ်သူ့ကိုမှလည်း ဖွင့်ဟ မပြောရဲဘူးတဲ့။

သူတို့နေရာ ကနေ ကလေးတို့ ၀င်ရောက် ခံစားကြည့်ပါလားကွယ်။

ကလေးတို့ရော တစ်ခုခုကို ခံစားရပြီဆိုရင် ဘယ်သူတွေကို ဖွင့်ဟ ပြောပြ

ဖြစ်သလဲဟင်။ အင်းပေါ့… မိဘတွေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြ

ရမှာပေါ့ကွယ်။

ကလေးတို့ရေ…..

ယုန်ကလေးတွေကြပြန်တော့ အပြေးက သိပ်သန်တာပေါ့။ ရေလုံးဝမကူး

တတ်တော့ ရေကူးချိန်တွေ ပိုပြီးပေးရတာ၊ ရေထဲမှာပဲ နေနေရတာတွေကြောင့်

စိတ်ဓါတ် အကြီးအကျယ် ကျဆင်း နေရှာကြတယ်တဲ့။ ရေကူး သင်ရတာကို

မုန်းတီးတဲ့စိတ်နဲ့ မကြိုက်တဲ့စိတ်နဲ့ လုပ်ရတာဆိုတော့ လုပ်နေရပေမဲ့

မတိုးတက်ရှာဘူးတဲ့ကွယ်။ ဘယ်လောက်သင်သင် သိပ်မတတ်ဘဲ ဖြစ်နေတယ်တဲ့။

ကလေးတို့ရော အဲဒီလို အဖြစ်မျိုး ကြုံဖူးကြသလားဟင်။ မကြိုက်တဲ့

ဘာသာရပ်တွေ သင်နေရတာမျိုး၊ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတာမျိုး၊

ဘယ်ဘာသာရပ်တွေလဲဟင်။

သစ်ပင်တက်ခြင်း ဘာသာရပ်မှာ အမြဲတမ်း ပထမရတဲ့ ချစ်စရာကောင်းတဲ့

ရှဥ့်ကလေး တွေကတော့ ပျံသန်းခြင်း ဘာသာရပ်ကို ဘယ်လိုသင်သင်

မတတ်မြောက်နိုင်ဘူးတဲ့။ စာမေးပွဲ အောင်ချင်လွန်းလို့ ခိုးချတဲ့အနေနဲ.

သစ်ပင်ထိပ်ကနေ အောက်ကို ခုန်ခုန်ချပြီး ပျံသန်းတတ်တယ် ဆိုတာကို

လုပ်ပြပေမဲ့ ဆရာဆရာမတွေ ကတော့ လက်မခံကြဘူးတဲ့။ သစ်ပင်အောက်ကနေ

အပေါ်ကို ပျံသန်းပြမှ အမှတ်ရမယ်လို့ ဆူပူ ကြိမ်းမောင်း ခံရတာပေါ့ကွယ်။

အပြင်းအထန် လေ့ကျင့် ခိုင်းတော့ ရှဥ့်ကလေးတွေဟာ ကြွက်သား ဖုထစ်တွေ

တက်လာပြီး ပျံသန်းခြင်း ဘာသာရပ်လည်း ထူးမခြားလာတဲ့အပြင်

သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ အပြေးဘာသာရပ်တွေမှာလည်း အများကြီး

အဆင့်နိမ့် ကျသွားတော့တယ်။ သနားဖို့ မကောင်းဘူးလားဟင်။

တောအုပ်ရဲ့ အရှေ့ဘက်မှာနေပြီး အမြဲတမ်းကျောင်းစည်းကမ်း

ဖေါက်ဖျက်တတ်တဲ့ သိမ်းငှက် ကလေးတွေက သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့

ပတ်သက်ပြီး အချိန်တိုင်း အငြင်းပွါးကြသတဲ့။ ဘယ်လိုနည်းနဲ့ တက်တက်

ထိပ်ဆုံးရောက်ဖို့ပဲ ဆိုပြီးတော့ အားလုံးထက် အမြန်ဆုံး သစ်ပင်ထိပ်ကို

ရောက်သတဲ့။ ဘာသာရပ်စည်းကမ်းအတိုင်း၊ စာမေးပွဲ စည်းကမ်းအတိုင်း သစ်ပင်

ပုံမှန်မတက်ဘဲ အမြဲတမ်း ထိပ်ဆုံးကို ရောက်ရောက် နေလေတော့

ဆရာဆရာမတွေလည်း သိပ်ကို စိတ်ညစ် ကြရတယ်တဲ့။ ဒါပေမဲ့ အငြင်းသန်တဲ့

သိမ်းငှက်လေးတွေကတော့ သူတို့နည်းနဲ့ သူတို့ လုပ်မှာဘဲတဲ့ကွယ်။


သူတို့ဘယ် လို သစ်ပင်တက် ကြတယ်လို့ ကလေးတို့ ထင်သလဲဟင်။

ကလေးတို့ကော သဘောတူ

လက်ခံမှာလား။

ကလေးတို့ရေ…..

မြောက်ဘက်ပိုင်းတောအုပ်ရဲ့ တောတန်းတွေပေါ်နဲ့ တောင်ဘက်စွန်းက

ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ နှာခေါင်းတိုတိုနဲ့ ပွေးကလေးနဲ့

မြွေကလေးတွေကတော့ ကျောင်း လုံးဝ မတက် ကြတော့ဘူးတဲ့။

ကျောင်းလခ ဈေးကြီးကြောင်း၊ သွားရေးလာရေး မလွယ်ကူကြောင်းနဲ့
သူတို့အတွက် အင်မတန် အရေးကြီးတဲ့

မြေတွင်းတူးခြင်းပညာ ဘာသာရပ်ကို မထည့်ထားတဲ့အတွက် အဲဒီ

သင်ရိုးညွန်းတမ်းကို ကန့်ကွက်ကြောင်းနဲ့ အခြားသော ဆင်ခြေတွေ၊

ဆင်လက်တွေ၊ ဆင်နားရွက်တွေ အများကြီး ပေးတာပေါ့ကွယ်။


ခက်ခက်ခဲခဲ စုပေါင်းပြီး ကြိုးစားတားတဲ့ ဒီသင်ရိုးညွန်းတမ်းကို


ဝေဖန် ကန့်ကွက်ကြတော့ အခြားသော တိရစ္ဆာန် မျိုးနွယ်စုတွေဟာ
သူတို့ကို အင်မတန် စိတ်ပျက် နေကြ တယ်တဲ့။

ပိုပြီး ဆိုးဝါးတာကတော့ အစွယ်တဖွေးဖွေးနဲ့ အစိမ်းရောင်

မြေခွေးတွေက သူတို့ကို မြှောက်ပင့် ပေးနေတာရယ်
အခြားသော အနီးအနား တောအုပ်က ပင်ဒါဝက်ဝံတွေရယ်၊

နှာခေါင်းရှည်ရှည်နဲ့ မျောက်ဖြူတွေကလည်း

သူတို့ကို သင်ပေးမယ် ဆိုတာရယ်ကြောင့် သင်ရိုးအသစ်နဲ့


သီးခြား ကျောင်းတစ်ကျောင်းကို တည်ထောင်ဖို့ စဉ်းစားနေကြတယ်တဲ့။ အစိမ်းရောင်မြေခွေးတွေရယ်၊

ပင်ဒါဝက်ဝံတွေရယ်နဲ့ မျောက်ဖြူတွေဟာ ပိုကောင်းတဲ့ ကျောင်းတစ်ကျောင်းကို

လုပ်ပေးနိုင်လိမ့်မယ်လို့ ကလေးတို့ ထင်သလားဟင်။

ဒီနေ့အဖို့ ပုံပြင်လေးကတော့ ဒီမျှပါဘဲကွယ်။

ကလေးတို့လည်း အတူနေကြရတဲ့သူတွေနဲ့ ဆက်ဆံရေးရယ်၊

မိမိခံစားချက်တွေရယ်၊ သင်ကြားနေရတဲ့ ဘာသာရပ်တွေ ပညာရပ်တွေနဲ့

မိမိသင်ကြားတတ်မြောက်လိုတဲ့ ပညာရပ်တွေကို ချင့်ချိန် စဉ်းစားကြပါလို့

မှာကြားရင်း……..

ရွှင်လန်းချမ်းမြေ့ကြပါစေ။ အသိဥာဏ် ပညာခွန်အား တိုးတက်ကြပါစေ။


တောအစပ်တစ်နေရာက

ကလေးတို့ရဲ့ဆရာ

သိန်းနိုင်

ကလေးအတွေး(၂)

(၁)

``သား...ကျောင်းမသွားချင်ဘူးမေမေ´´

``ဘာဖြစ်လို့လဲသားရဲ့´´

``ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလို့
ခိုင်းလိမ့်မယ်မေမေရဲ့´´

``ဒါများ....ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´

``မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ.....´´


(၂)

အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ
လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။

ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့)
အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ်လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။


မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့ စဉ်းစားနည်း(Speculative Thinking) ရှိနေတာပဲမဟုတ်လား။

အမေ လုပ်တဲ့သူက ``ကကြီး´´ရေးခိုင်းရင် ``ကကြီး´´ရေးလိုက်၊
``ခခွေး´´ ရေးခိုင်းရင် ``ခခွေး´`ရေးလိုက်၊ ``ဂငယ်´´ ရေးခိုင်းတဲ့
အခါကျတော့လည်း ``ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။
အဲဒီလို တစ်ခုချင်းစီ ဖြတ်သန်းရင်းနဲ့ သူ့သားငယ်ဟာ တဖြည်းဖြည်းနဲ့ စာတတ်မြောက်တဲ့သူ တစ်ယောက် ဖြစ်လာမယ် ဆိုတဲ့စိတ်နဲ့ ``နိဂုံး´`တစ်ခုကို ဆင်ခြင်ထားတယ်။


ကလေးငယ်ရဲ့ ဆင်ခြင်မှုကလည်း မမှာယွင်းပါဘူး။
``ကကြီး´´ ပြီးရင် ``ခခွေး´´၊ ``ခခွေး´` ပြီးရင် ``ဂငယ်´´ စသည်ဖြင့် မဆုံးတမ်းလာတော့မယ်ဆိုတာ သူလည်းတွေးနေမိတာပဲ။

ဒါပေမယ့် ကလေးငယ်ရဲ့ ``နိဂုံး´´ကျတော့
``အဲသည်လိုဒုက္ခ (စာလုံးတွေ တစ်ခုပြီးတစ်ခု သင်နေရတာကို
ကလေးငယ်ကတော့ ဒုက္ခ လို့ထင်မှာပေါ့) အဆင့်ဆင့် ကို
ရေရှည် မခံစားရဖို့ ´´ ရည်ရွယ်ချက်ဖြစ်တယ်။ တိုတို ပြောရရင် ``သက်တေင့်သက်သာနေရရေး´´ ဖြစ်တယ်။


ဒါကြောင့် ဒီဒုက္ခကို စောစောစီးစီးလမ်းစဖြတ်တဲ့အနေနဲ့ ``ကျောင်းမသွားချင်ဘူး´´လို့ပြောလိုက်တာပါ။


(၃)

ကျွန်တော်တို့ လူကြီးတွေကကော ဘာထူးသလဲဟု တွေးမိပါတယ်။

ကျွန်တော်တို့တွေဟာ လူ့ဘ၀ကို ရပြီဆိုကတည်းက
ဒုက္ခသင်ခန်းစာရဲ့ ပထမဆုံး အက္ခရာ ဖြစ်တဲ့ ``ကကြီး´`ကို စ ရေးခဲ့ရပါပြီ။ အသက်ကြီးလာတာနဲ့ အမျှ ``ခခွေး´´တွေ ``ဂငယ်´´တွေကို ဆက်တိုက် တွေ့လာရဦးမှာပါ။


ဘ၀ဆိုတာ ဒုက္ခ ဆိုတဲ့ အက္ခရာတွေကို သင်ကြားပြဌာန်းထားတဲ့
စာအုပ်ကြီးတစ်အုပ် ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တွေဟာ ဘယ်သူက ဒီဒုက္ခဆိုတဲ့ အက္ခရာကို သင်ကြားချင်ကြလို့လဲ။ ဒုက္ခတစ်ခုချင်းစီနဲ့ တွေ့ကြုံရတိုင်း မပြီးသေးဘူးလား၊ အပြီးဆုံးနိုင်သေးဘူးလားလို့ ညည်းတွားကြတာချည်းပဲ မဟုတ်လား။

(၄)
တကယ်ဆိုရင် ဒုက္ခတွေကို ရင်ဆိုင်တဲ့နည်းက သိပ် အဆန်းတကြယ်မဟုတ်ပါဘူး။ခက်ခက်ခဲခဲလည်းမဟုတ်ပါဘူး။
``ကကြီး´´ဒုက္ခနဲ့ ကြုံရင် ``ကကြီးကို´´ရေးချလိုက်၊ ``ခခွေး´´ ဒုက္ခနဲ့ကြုံအခါ
`ခခွေး´` ကို ရေးချလိုက်ရုံပါပဲ။


ဒီလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားကြရအောင်။
ဒါမှ တကယ်လူကြီး အတွေးဖြစ်ပါတယ်။

(၅)
ဒါပေမယ့် ကျွန်တော်တို့အားလုံးက ညည်းတွားနေကြတယ်။
စိတ်ပျက်နေကြတယ်။ လောကဆိုတဲ့ ကျောင်းကို မတက်ချင်ဘူးဆိုပြီး ကျောင်းပြေးချင်နေကြတယ်။


ကျွန်တော်တို့ ဆင်ခြင်မှုရဲ့ ``နိဂုံး´´က
ဘ၀ကို နားလည်တတ်မြောက်ဖို့မဟုတ်ပဲ ``သက်တောင့်သက်သာ
နေထိုင်ဖို့´` ရည်ရွယ်ထားကြတာကိုး။

တကယ်တော့ ကျွန်တော်တို့ တတွေဟာ ......
အသက်ကြီးနေတဲ့ ကလေးငယ်တွေပါပဲ။

မင်းခိုက်စိုးစန်

Saturday, 8 May 2010

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။


တာရာမင်းဝေ (-မိုးခေါင်လို့တီးတဲ့ဗုံသံမှ..)

Friday, 7 May 2010

စပယ်ဖြူအိပ်မက်


လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို... လှလိုက်တာ။

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။

စကားတိုးတိုး၊ မြူခိုးဝေေ၀
စံပယ်ရေ...စပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။

သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ...၊
စံပယ်ရေ... စံပယ်ဖြူ...
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။

လင်းထက်

၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းတွင် လင်းထက်ကလောင်အမည်ဖြင့် ထူးအိမ်သင်ရေးဖွဲ့ခဲ့သောကဗျာလေးပါ....

Thursday, 6 May 2010

ကလေးတွေ

ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။

ဆရာဝန်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ ကလေးငယ်တစ်ယောက်က...

“ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ”

ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

“နေစမ်းပါဦီး၊မင်းကရော ...ဘာဖြစ်လို့ငိုနေတာလဲ”

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

“သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ”





....................





ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟု ကျွန်တော်တွေးမိသည်။

သူတပါး၏ဒုက္ခကို စာနာဖို့ထက် “ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း” ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။

“တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့်
သတင်းကိုကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ၀မ်းမနည်းမိပါ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်
ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။”

......ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။ သည့် အတွက် ထူးခြားပြီး မအံ့သြမိတော့ပါ။

လူဆိုသည်မှာ “ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး”ဟု သဘောထားတတ်ကြသူများဖြစ်သည်။

အရေးကြီးသော လူနာတစ်ယောက်ကို မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန်
တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက ညဥ့်နက်နေပြီဟုပြောကာ
၄၀၀ိ/ -တောင်းသည်။

“လျှော့ပါဦးဗျာ၊ လူနာက.......”

ကျွန်တော် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသ တကြီးမောင်းထွက်သွးသည်။

“သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား”

သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၄၀၀ိ/က ပိုအရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကိုစိတ်မဆိုးမိပါ။

ရဂယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာ ဖြစ်ကြပါသည်။




မင်းခိုက်စိုးစန်


......................................................................................................................................................................









(၁)

အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။

“မေမေ...ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သား
တက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကို
ချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ”

“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”

“ဟင့်အင်း....သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်”





...............



(၂)

ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။

Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။ ကစားပွဲတွေမှာဆိုရင်
အမှတ်ကြောပေးထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်
နိမ့်ကျတဲ့ စွမ်းရည်၇ှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို သက်ညှာတဲ့
အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊
ဒါမှမဟုတ်.........မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး
လျှော့ကစားတာပါ။

ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။

လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထားတာတွေရှိပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။

ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့ ကိုယ်ကသနားအားနာတာနဲ့
ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို
ထပ်ပြီးနင်းကြပြန်ရော။

ကဲ...မခက်ဘူးလား။

တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ .....

(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့
တွေ့နေရတော့ “သြော်...သူတို့လည်း ခဏခဏ ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့”
လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ...။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။ အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။

မင်းခိုက်စိုးစန်

Wednesday, 5 May 2010

ငွေ နှင်း အလွှမ်း..


အမှောင်ထုလွှမ်း ညနက်မည်းမှ
အလင်းမှုဆောင် နေရောင်ထွက်သော်
အိပ်ရာသိမ်းဆည်း မျက်နှာသစ်၍
ရကုန်အလှ အာရုံအလှကို
ငေးမော်မည့်ကြံ အိမ်ရှေ့ထွက်တော် ။ ။

ငွေနှင်းပမာ ဆောင်းနှင်းတွေက
ရစ်သိုင်းပတ်ချီ မီးတိုင်တွေနှင့်
အာစီတိုက်ဝယ် နဂါးဖြူပမာ
အလှဖြာ၏ ။ ။

ဖြူလှတောင်ပြင် ငှက်ပေါင်းယှဉ်လျက်
စိန်ပွင့်နှင်းမှုန် အလှပြုံနှင့်
ဗင်ဒါသစ်ခွ ရောင်စုံ လှသည့်
တောင်ပြာတောင်စိမ်း တိတ်တိတ်ဟိန်းသည့်
တောင်ပေါ်ဒေသ ငါ့မြေအရာကို
မြင်မှန်းသတိ ရလေမိသည် ။ ။
ခေတ္တာ(ကချင်)
10th Jan 2010