Saturday, 8 May 2010

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။


တာရာမင်းဝေ (-မိုးခေါင်လို့တီးတဲ့ဗုံသံမှ..)

Friday, 7 May 2010

စပယ်ဖြူအိပ်မက်


လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို... လှလိုက်တာ။

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။

စကားတိုးတိုး၊ မြူခိုးဝေေ၀
စံပယ်ရေ...စပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။

သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ...၊
စံပယ်ရေ... စံပယ်ဖြူ...
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။

လင်းထက်

၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းတွင် လင်းထက်ကလောင်အမည်ဖြင့် ထူးအိမ်သင်ရေးဖွဲ့ခဲ့သောကဗျာလေးပါ....

Thursday, 6 May 2010

ကလေးတွေ

ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။

ဆရာဝန်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ ကလေးငယ်တစ်ယောက်က...

“ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ”

ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

“နေစမ်းပါဦီး၊မင်းကရော ...ဘာဖြစ်လို့ငိုနေတာလဲ”

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

“သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ”





....................





ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟု ကျွန်တော်တွေးမိသည်။

သူတပါး၏ဒုက္ခကို စာနာဖို့ထက် “ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း” ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။

“တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့်
သတင်းကိုကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ၀မ်းမနည်းမိပါ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်
ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။”

......ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။ သည့် အတွက် ထူးခြားပြီး မအံ့သြမိတော့ပါ။

လူဆိုသည်မှာ “ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး”ဟု သဘောထားတတ်ကြသူများဖြစ်သည်။

အရေးကြီးသော လူနာတစ်ယောက်ကို မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန်
တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက ညဥ့်နက်နေပြီဟုပြောကာ
၄၀၀ိ/ -တောင်းသည်။

“လျှော့ပါဦးဗျာ၊ လူနာက.......”

ကျွန်တော် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသ တကြီးမောင်းထွက်သွးသည်။

“သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား”

သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၄၀၀ိ/က ပိုအရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကိုစိတ်မဆိုးမိပါ။

ရဂယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာ ဖြစ်ကြပါသည်။




မင်းခိုက်စိုးစန်


......................................................................................................................................................................









(၁)

အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။

“မေမေ...ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သား
တက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကို
ချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ”

“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”

“ဟင့်အင်း....သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်”





...............



(၂)

ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။

Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။ ကစားပွဲတွေမှာဆိုရင်
အမှတ်ကြောပေးထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်
နိမ့်ကျတဲ့ စွမ်းရည်၇ှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို သက်ညှာတဲ့
အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊
ဒါမှမဟုတ်.........မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး
လျှော့ကစားတာပါ။

ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။

လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထားတာတွေရှိပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။

ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့ ကိုယ်ကသနားအားနာတာနဲ့
ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို
ထပ်ပြီးနင်းကြပြန်ရော။

ကဲ...မခက်ဘူးလား။

တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ .....

(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့
တွေ့နေရတော့ “သြော်...သူတို့လည်း ခဏခဏ ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့”
လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ...။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။ အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။

မင်းခိုက်စိုးစန်

Wednesday, 5 May 2010

ငွေ နှင်း အလွှမ်း..


အမှောင်ထုလွှမ်း ညနက်မည်းမှ
အလင်းမှုဆောင် နေရောင်ထွက်သော်
အိပ်ရာသိမ်းဆည်း မျက်နှာသစ်၍
ရကုန်အလှ အာရုံအလှကို
ငေးမော်မည့်ကြံ အိမ်ရှေ့ထွက်တော် ။ ။

ငွေနှင်းပမာ ဆောင်းနှင်းတွေက
ရစ်သိုင်းပတ်ချီ မီးတိုင်တွေနှင့်
အာစီတိုက်ဝယ် နဂါးဖြူပမာ
အလှဖြာ၏ ။ ။

ဖြူလှတောင်ပြင် ငှက်ပေါင်းယှဉ်လျက်
စိန်ပွင့်နှင်းမှုန် အလှပြုံနှင့်
ဗင်ဒါသစ်ခွ ရောင်စုံ လှသည့်
တောင်ပြာတောင်စိမ်း တိတ်တိတ်ဟိန်းသည့်
တောင်ပေါ်ဒေသ ငါ့မြေအရာကို
မြင်မှန်းသတိ ရလေမိသည် ။ ။
ခေတ္တာ(ကချင်)
10th Jan 2010

Cancer (ကရကဋ္ဋ်)




လတစ်စင်းပိုင် ကြယ်စုံခစား
အလှများကို ပိုင်ထားလျှက်နဲ့
အချစ်ကိုမှ မပိုင်ဆိုင်………

ချစ်သူကို ဂူထဲပိတ်
တစ်ဘဝလုံး အိပ်စေပြီးမှ
အချစ်ကို လိုချင်ငြားလဲ
ချစ်သူရဲ့ ‘glance’ ကိုမှ
တောင်းတလို့ မပြည့်စုံ….

“Diana”ရယ်…….
သို့ပင်ကြောင့် …..
သင်စောင့်ရာ…
Cancer ခွင်မွေးမိငါက
ငါ့ချစ်သူ..သူ့အပြုံးကို
ရှိုက်နမ်းခွင့်မရလေသလား…….

ခေတ္တာ(ကချင်)
28th Feb 2010